PSG လိုအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား

Football 10/12/2018 15:21 PM

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သူ ဂွန်ဒိုဇီက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ PSG အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းကိုသာ ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂွန်ဒိုဇီဟာ ပြင်သစ်လီတူးကလပ် အသင်းဖြစ်တဲ့ လော်ရီးယန့်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် (၇) သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အူနိုင်းအမ်မရီရဲ့ အားကိုးရတဲ့ ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ 

ဂွန်ဒိုဇီကတော့ “ပြီးခဲ့တဲ့ နွေရာသီမှာ PSG အသင်းလည်း တခြားအသင်းတွေလိုပဲ ကျွန်တော့်ကို စိတ်ဝင်စားခဲ့တယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်နဲ့လည်း ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပေမဲ့ ကျွန်တော့်အတွက် အကောင်းဆုံး ရွေးချယ်မှုက အာဆင်နယ်အသင်းဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းက ကျွန်တော့်ကို စပြီး ချဉ်းကပ်လာတဲ့အချိန်မှာ ကျွန်တော် တစ်စက္ကန့်တောင်မှ တွေဝေမနေခဲ့ဘဲ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

ဂွန်ဒိုဇီဟာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာတဲ့ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၂၀) ကစားပေးထားပြီး အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကရာဘတ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂွန်ဒိုဇီဟာ ရာသီ အစ ပရီးမီးယားလိဂ် ပွဲစဉ်ငါးပွဲဆက်တိုက်  ပွဲထွက်ခွင့်ရခဲ့ပြီး မန်စီးတီး ချဲလ်ဆီး အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာပါ ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။