ခြေစွမ်းကျဆင်းမှုက ကမ္ဘာ့ဖလားရဲ့ သက်ရောက်မှုကြောင့်လို့ ဆိုလိုက်တဲ့ လူကာကူ

Football 10/12/2018 10:33 AM

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ လူကာကူက သူ့ရဲ့ ခြေစွမ်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ကမ္ဘာ့ဖလားရဲ့ သက်ရောက်မှုတွေ ကြောင့် ဖြစ်တယ်လို့ ရှင်းလင်းပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ လူကာကူဟာ ဒီရာသီမှာ ခြေစွမ်းကျဆင်းမှုကြောင့် ဝေဖန်မှုတွေ ခံနေရပြီး ပြိုင်ပွဲစုံ (၁၅) ပွဲကစားပြီးချိန်မှာ (၆) ဂိုးသာ သွင်းယူပေးထားနိုင်သေးပြီး  နောက်ဆုံး ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲမှသာ မတ်လနောက်ပိုင်း ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ပထမဆုံး အကြိမ် ဂိုးပေါက် ပြန်လည် တွေ့ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒီရာသီ ခြေစွမ်းကျဆင်းမှုတွေနဲ့ ပတ်သက်ပြီး လူကာကူက “ကျွန်တော် ကမ္ဘာ့ဖလားမှာ ကျွန်တော့် ကြွက်သားတွေကို နည်းနည်းလေး ထပ်တင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်တော်က ရုရှားမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ပြန်လာတဲ့အချိန်မှာတော့ မတူညီတဲ့ ကစားပုံတစ်ခုနဲ့ ပြန်ကစားရပါတယ်။ ပရီးမီးယားလိဂ်မှာက နိုင်ငံအသင်းနဲ့ ကစားခဲ့တုန်းကလို မျိုး တူညီတဲ့ ကြွက်သားပမာဏနဲ့ ကစားလို့မရပါဘူး။ အသင်းကို ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော် ဒါကို သိပြီး ဝိတ်နည်းနည်း ပြန်လျှော့ဖို့လိုအပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် Gym လည်း မသွားတော့ဘူး။ ရေတွေ အများကြီးသောက်တယ်။ ဟင်းသီးဟင်းရွက်နဲ့ ငါးတွေကို အများကြီးစားပြီး ဒါက အထောက်အကူဖြစ်ခဲ့ပါတယ်။” 

“ဖူလ်ဟမ်နဲ့ မကန်ခင်မှာလည်း နည်းပြနဲ့ ကျွန်တော်စကားပြောဖြစ်ခဲ့ပါတယ်။ မော်ရင်ဟိုက ကျွန်တော့်ဆီက အခုထက်ပိုတဲ့ စွမ်းဆောင်ရည်ကို လိုချင်ပြီး ကျွန်တော့်ဘက်ကလည်း အခုထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့လိုတယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်က လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ တခြားသူတွေလိုပဲ ကျွန်တော်လည်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ဖလားပြီးတဲ့ အချိန်မှာ ကျွန်တော် နည်းနည်းလေး ပင်ပန်းလာတယ်လို့ ထင်ပါတယ်။ (၂၀၁၄) ကမ္ဘာ့ဖလားပြီးတုန်းကလည်း အဲ့ဒီအတိုင်းပါပဲ။ အဲ့ဒီတုန်းကလည်း ကျွန်တော် အဲဗာတန်အသင်းကို ပြန်သွားတော့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဆေးအဖွဲ့ဝင်တွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကျွန်တော့်ဆီမှာ ဘာပြဿနာရှိနေလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။ အဲ့ဒီအချိန်က ကျွန်တော့်ဆီမှာ တံကောက်ကြော ဒဏ်ရာလည်း ရှိခဲ့ပြီး အဲ့ဒဏ်ရာက ကျွန်တော် တစ်ခါမှ မရခဲ့ဖူးတဲ့ ဒဏ်ရာပါ။ ကျွန်တော် တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းခဲ့ရပြီး Gym မှာလည်း ဒဏ်ရာကို ကာကွယ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားကနေလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို ကျွန်တော်တို့ အနေနဲ့လည်း အောင်မြင်မှုရလုနီးပါးဖြစ်ခဲ့တာပါ။ အခုချိန်မှာတော့ ကျွန်တော်က အကောင်းဆုံး အဆင့်တစ်ခုကို ရောက်ရှိနေပြီး ပြန်လာဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်က ရှေ့ကို ဆက်သွားနေမှာဖြစ်သလို အခုထက်ပိုပြီး တိုးတက်အောင် အသင်းအနိုင်ရရှိအောင် အသင်းဖော်တွေကို ကူညီနိုင်အောင် ကြိုးစားသွားမှာပါ။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။