အီဘရာဟီမိုဗစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အတည်ပြုမှုတစ်ခုပြုလုပ်လိုက်တဲ့ လီယိုနာဒို

Football 10/12/2018 13:33 PM

အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက LA ဂလက်ဆီအသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အီဘရာဟီမိုဗစ်ကို ခေါ်ယူမယ့်အစီအစဉ်က ဖြစ်ပေါ်လာတော့မှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောကြားသွားပါတယ်။ အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းမှာ သွားရောက်ကစားနေပြီး လက်ရှိအချိန်ထိ ခြေစွမ်းပြဂိုးသွင်းမှုတွေ ပြုလုပ်နေတာကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေက အီဘရာဟီမိုဗစ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။ 

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ ကစားခဲ့ဖူးတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းအတွက် နှစ်နှစ်ကြာ ကစားခဲ့ဖူးပြီး စီးရီးအေလိဂ်ပွဲ (၃၂) ပွဲကစားကာ (၂၈) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါသေးတယ်။ 

လက်ရှိအချိန်မှာတော့ အီဘရာဟီမိုဗစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက “အီဘရာဟီမိုဗစ်က မီလန်ကို ပြန်လာမှာ မဟုတ်ပါဘူး။ သူက LA ဂလက်ဆီအသင်းမှာ ဆက်နေဖို့ ပြောထားပြီး သူတို့အသင်းမှာပဲ စာချုပ်ဆက်ချုပ်ဖြစ်ဖို့ ရှိပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ပြန်ခေါ်နိုင်မယ်လို့ မျှော်လင့်ခဲ့သလို သူကလည်း အသင်းကို ပြန်လာနိုင်ဖို့ တွေးခဲ့တဲ့ ပုံပါပဲ။ ဒါပေမဲ့ သူက ကတိပေးထားတဲ့အတိုင်း မေဂျာလိဂ်မှာပဲ ဆက်ကစားပါလိမ့်မယ်။ LA ဂလက်ဆီအသင်းက သူ့ရဲ့ အခြေအနေကို ကျေနပ်တယ်ဆိုရင် သူက အသင်းမှာပဲ ဆက်နေမယ်လို့ ပြောခဲ့ပြီး အခု အသင်းကလည်း သူ့ရဲ့ ခြေစွမ်းအပေါ် ကျေနပ်တာကြောင့် အဲ့ဒီမှာပဲ ဆက်ရှိပါလိမ့်မယ်။ ကျွန်တော်တို့အသင်းကတော့ အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အခုတော့ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။