အာဆင်နယ်မှာ ဆက်နေဖို့ ဘာစီလိုနာကို ငြင်းဆန်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြသွားတဲ့ လူငယ်ကစားသမားလေး

Football 14/12/2018 11:07 AM

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ရိုဝီက သူ့အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အာဆင်နယ်အသင်းမှာ ဆက်နေဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၁၈) နှစ်အရွယ်သာ ရှိသေးတဲ့ ရိုဝီဟာ ဒီရာသီမှာ လူငယ်အသင်းကနေ အာဆင်နယ်အသင်းကြီးကို စတင်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်းတိုးထားတဲ့ ကစားသမားတစ်ဦီးလည်း ဖြစ်ပါတယ်။ 

ရိုဝီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားခဲ့ဖူးပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုဝီက “မက်ဆီ အင်နီယေစတာ ဇာဗီတို့ရဲ့ အရွယ်ကောင်းတုန်းက ဘာစီလိုနာအသင်း ကစားတဲ့ပွဲတွေကို ကျွန်တော် အမြဲတမ်း စောင့်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူတို့အသင်းက ကျွန်တော့်ကို စိတ်ဝင်စားလာတယ်လို့ သိရတဲ့အချိန်မှာ ကျွန်တော် အရမ်းပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းက ကျွန်တော့်အတွက် သင့်တော်တဲ့ အသင်းတစ်သင်းအဖြစ် ခံစားမိခဲ့တဲ့ အကြောင်းကို ဘယ်လိုရှင်းပြရမလဲတောင် မသိပါဘူး။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

ရိုဝီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် (၆) ပွဲပါဝင်ကစားပြီးချိန်မှာပဲ (၃) ဂိုးအထိသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အာဆင်နယ်ပရိသတ်တွေက အနာဂတ်အတွက် မျှော်လင့်ချက်ထားနေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရိုဝီက အခုလိုမျိုး ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ဖူးတဲ့အကြောင်းကို ဖွင့်ဟပြောကြားခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အသင်းရဲ့ ကွင်းလယ်ကစားသမားဂွန်ဒိုဇီက သူ့အနေနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ PSG အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အကြောင်းကို ဖွင့်ဟပြောကြားထားသေးတာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် ကျေနပ်စရာ အချိန်ကာလတွေလို့ ပြောရမှာလည်း ဖြစ်ပါတယ်။