အသင်းက ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် လီဗိုင်းရဲ့ တုံ့ပြန်ပုံကို ပြောပြသွားတဲ့ ပိုချက်တီနို

Football 14/12/2018 10:43 AM

စပါးအသင်းနည်းပြ ပိုချက်တီနိုက  သူ့အနေနဲ့ စပါးအသင်းက ထွက်ခွာပြီး ရီးရဲယ်မက်ဒရစ် ယူနိုက်တက်အသင်းတို့ကို ကိုင်တွယ်ဖြစ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီယဲယ်လီဗိုင်းရဲ့ တုံ့ပြန်ပုံတွေကို ဟာသလုပ်ပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းကို စတင်ကိုင်တွယ်တဲ့ (၂၀၁၄) မေလမှာတည်းက ဆုဖလားအောင်မြင်မှု ရရှိခဲ့ခြင်းမရှိသေးပေမဲ့ ပိုချက်တီနိုလက်ထက်မှာ တိုးတက်လာတဲ့ စပါးအသင်းရဲ့ ကစားပုံကြောင့် ဥရောပထိပ်တန်းအသင်းကြီးတွေက ပိုချက်တီနိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာလည်း ဖြစ်ပါတယ်။ 

ဒီလို သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး လီဗိုင်းရဲ့ တုံ့ပြန်ပုံကို ပိုချက်တီနိုက “ဒန်နီယဲယ်က မပြုံးပါဘူး။ ဒီသတင်းတွေက သူ့အတွက် ပျင်းစရာဖြစ်နေတယ်ဆိုပေမဲ့ သူကတော့ စိုးရိမ်နေတဲ့ ပုံပါပဲ။ သောကလည်း ရောက်နေမှာပါ။ ဒါကပုံမှန်ပါပဲ။ သူ့အတွက် ဒီလိုကိစ္စတွေကို ကြားနေရတာက ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ဖြေရှင်းချက်တွေတော့ လိုက်မပေးနေပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးလောကဖြစ်ပြီး ဒီနေ့မှာ အားကစားဒါရိုက်တာက ဒါမှမဟုတ် အသင်းပိုင်ရှင်က ဒီနည်းပြအနေနဲ့ ဒီမှာ ဆက်ရှိနေမယ် ယုံကြည်နေမယ်လို့ ပြောပြီး နောက်တစ်ပွဲပြီးတဲ့ အချိန်မှာ သူ့ကို ထုတ်ပစ်လိုက်နိုင်လို့ပါ။ “ 

“ခင်ဗျားအနေနဲ့ သံသယတွေ ပျောက်အောင်ဆိုပြီး ဖြေရှင်းမှုတွေ လိုက်လုပ်နေမယ်ဆိုရင် သူ့စိတ်ထဲမှာ တခြားနည်းလမ်းတစ်ခုခု စဉ်းစားနေလို့ ဖြစ်မှာပါ။ သူက အရမ်းစိုးရိမ်တတ်တဲ့သူဖြစ်ပြီး ဘာလို့လဲဆိုတော့ သူ ကျွန်တော့်ကို အရမ်းမနာလိုဖြစ်နေမှာပါ။" ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ယူနိုက်တက်အသင်းဟာ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ပြီး စပါးအသင်းနည်းပြ ပိုချက်တီနိုကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပေမဲ့ ပိုချက်တီနိုကိုယ်တိုင်ကတော့ သူ့အနေနဲ့ စပါးအသင်းမှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟပြောကြားထားပါသေးတယ်။