အမ်ဘာပေကို ခေါ်ယူဖို့ PSG အသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်းအခြေအနေကို စောင့်ကြည့်နေတဲ့ ဂျူဗင်တပ်စ်

Football 10/12/2018 14:33 PM

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် PSG အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို စောင့်ကြည့်လျက်ရှိတယ်လို့ သိရှိရပါတယ်။ အမ်ဘာပေဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၆) ပွဲကစားပြီး (၁၄) ဂိုးသွင်း (၈) ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။  

ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဖြစ်ပွါးခဲ့တဲ့ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းအခြေအနေတွေကြောင့် PSG အသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ နေမာ အမ်ဘာပေတို့ကို ရောင်းချရဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပြီး အခုလိုမျိုး ဂျူဗင်တပ်စ်အသင်းကလည်း အမ်ဘာပေကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းနဲ့ PSG အသင်းဟာ လက်ရှိအချိန်မှာ UEFA က ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုတွေခံနေပြီး အကယ်၍သာ စည်းကမ်း ဖောက်ဖျက်ထားကြောင်း တွေ့ရှိရပါက ဥရောပ ပြိုင်ပွဲတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တစ်နှစ်ပိတ်ပင်ခံရဖွယ်ရှိနေပါတယ်။ 

UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအရ ကလပ်အသင်းတွေဟာ သူတို့ရဲ့ တစ်ရာသီ ဝင်ငွေထက် ပိုမိုများပြားတဲ့ ငွေကြေး ပမာဏကို သုံးစွဲခွင့်မရှိဘဲ PSG အသင်းကတော့ သူတို့အနေနဲ့ နေမာ အမ်ဘာပေတို့ကို ရောင်းချစရာ အကြောင်းမရှိဘူးလို့ ငြင်းဆန်မှုတွေ ပြုလုပ်ထားပါသေးတယ်။ အမ်ဘာပေဟာ လက်ရှိအခြေအနေတွေအရ အသင်းမှာ ပျော်ရွှင်လျက်ရှိပေမဲ့  PSG အသင်းအနေနဲ့ ပြစ်မှု ထင်ရှားပြီး ဥရောပပြိုင်ပွဲတွေကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရပါက အမ်ဘာပေအနေနဲ့လည်း အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနိုင်ချေရှိပြီး ယခင်တုန်းကလည်း အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ အမ်ဘာပေကို ခေါ်ယူဖို့ ထပ်မံချဉ်းကပ်လာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြလာကြတာလည်း ဖြစ်ပါတယ်။