အင်္ဂလန်အသင်းအတွက် စိန်တစ်လုံး ရှိနေပြီလို့ ပြောလိုက်တဲ့ ဂွါဒီယိုလာ

Football 13/12/2018 15:31 PM

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ လူငယ်ကစားသမားဖြစ်သူ ဖီးလ်ဖိုဒန်ရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ချီးကျူးပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ မနေ့က ကစားခဲ့တဲ့ ဟော့ဖန်းဟိမ်းအသင်းနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ဖိုဒန်တစ်ယောက် ပွဲချိန်ပြည့် ပါဝင်ကစားပေးသွားခဲ့ပြီး ဂွါဒီယိုလာကတော့ ဒီပွဲမှာ ပြသခဲ့တဲ့ ဖိုဒန်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ချီးကျူးပြောကြားမှုတွေ ပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ အသင်းနဲ့ (၂၀၂၄) ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တဲ့ ဖိုဒန်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “ယေဘုယျအားဖြင့် ပြောရရင် ဖိုဒန်က အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ခါမှ သံသယမဝင်ဖူးပါဘူး။ သူက ဘောလုံး ယှဉ်လုပြီဆို ဘယ်တော့မှ ပျော့တီးပျော့ဖက် ဖြစ်မနေဘဲ အရမ်းအရမ်းကို သန်မာတဲ့ ကစားသမားတစ်ယောက်ပါ။ သူက ကြီးမားတဲ့ အရည်အသွေးတွေ ရှိနေပြီး အင်္ဂလန်အသင်းအတွက်တော့ သူက စိန်တစ်လုံးပါပဲ။” 

“အသင်းကြီးတွေမှာ ကစားခွင့်ရဖို့ဆိုတာ မလွယ်ကူတာ ကျွန်တော်သိထားပြီးသားပါ။ သူက ဒေးဗစ်ဆေးလ်ဗား ဘာနာဒိုဆေးလ်ဗား ဒီဘရိုင်းတို့နဲ့ နေရာလုဖို့ရှိနေပြီး လေ့ကျင့်ခန်းအစီအစဉ်တိုင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်ပြထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဂျာမန်ကလပ် အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေက အရမ်းကို တောင်းဆိုမှု များပြားတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူက လူကြီးတစ်ယောက်လို အကောင်းဆုံး ကစားသွားနိုင်ပါတယ်။” ဆိုပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ ဖိုဒန်အတွက် ဟော့ဖန်းဟိမ်းအသင်းနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲက ဒီရာသီမှာ သူ့အတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲထွက်ခွင့်ဖြစ်ခဲ့သလို အသင်းနဲ့ ကာလရှည်စာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်း မန်စီးတီးအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ အမှတ်တရပွဲလည်း ဖြစ်ခဲ့ပါတယ်။