လီဗာပူးအသင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြိုပြောလိုက်တဲ့ နာပိုလီနည်းပြ အန်ဆယ်လော့တီ

Football 10/12/2018 15:03 PM

နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ် အုပ်စုတက်ရေး အဆုံးအဖြတ်ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ အဝေးကွင်းပွဲမှာ ခံစစ်ပိတ်ဆော့မှာ မဟုတ်ဘဲ ပွဲကို လွှမ်းမိုးကစားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။ နာပိုလီအသင်းဟာ လက်ရှိအုပ်စုအမှတ်ပေးဇယားကို ဦးဆောင်ထားပြီး PSG လီဗာပူးအသင်းတို့က ဒုတိယ တတိယနေရာတွေမှာ အစဉ်လိုက်ရပ်တည်နေပြီး အုပ်စုက လွတ်မြောက်ရေးအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ 

နာပိုလီအသင်းဟာ လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်ရရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမဲ့ နာပိုလီနည်းပြ အန်ဆယ်လော့တီကတော့ “ဒီပွဲက ခက်ခဲကြမ်းတမ်းပြီးတော့ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ကျွန်တော်တို့ အန်ဖီးလ်ကွင်းမှာ ပုံမှန် ကစားနေကျ ကစားပုံအတိုင်း ကစားမှာဖြစ်ပြီး နောက်တန်းမှာ ပိတ်ဆော့ပြီး တန်ပြန်တိုက်စစ် ကစားဖို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ အဲ့ဒါ ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်းမဟုတ်ပါဘူး။” 

“ကျွန်တော်တို့က ဒီပွဲကို လွှမ်းမိုးပြီး ကစားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ကျွန်တော့် ကစားသမားတွေက ဒီပွဲအတွက် အသင့်ဖြစ်နေပြီဆိုတာ ကျွန်တော် အာမခံပါတယ်။ သူတို့ဆီမှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ပြီး ကစားပါလိမ့်မယ်။ ကျွန်တော်တို့ အန်ဖီးလ်ကွင်းမှာ တိုက်စစ်ကစားပုံနဲ့ ကစားသွားမှာပါ။ ပြီးခဲ့တဲ့ ပွဲမှာ ကျွန်တော်က အဓိက ကစားသမားတွေကို အနားပေးခဲ့ရုံတင်မကပါဘူး။ အသင်းရဲ့ တခြားကစားသမားတွေကိုလည်း ကစားခွင့်ပေးချင်လို့ အပြောင်းအလဲ တချို့လုပ်ခဲ့တာပါ။ ကျွန်တော့်အသင်းမှာရှိတဲ့ ကစားသမားတိုင်းကို လိုအပ်ပြီး ဒါက အသင်းကို တိုးတက်စေပါလိမ့်မယ်။ အသင်းက ကစားသမားတွေက အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး အကောင်ဆုံး စွမ်းဆောင်နိုင်ကြပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။