ယူနိုက်တက်အသင်းရဲ့ ငွေကြေးအင်အားကို အသုံးချပြီး ခေါ်ယူသင့်တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဘာဘာတော့ဗ်

Football 13/12/2018 16:11 PM

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ်က အသင်းအနေနဲ့ ငွေကြေးအင်အားကို အသုံးချပြီး လက်စတာအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားကို ခေါ်ယူဖို့ တိုက်တွန်းသွားတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ နောက်တန်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြမော်ရင်ဟိုအနေနဲ့လည်း လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ အသစ်တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဘာဘာတော့ဗ်က “ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဒီလို ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ဆိုတာ ခက်ခဲပါတယ်။ တကယ်လို့ ခင်ဗျားတို့ အနေနဲ့ တစ်ယောက်ယောက်ကို ဝယ်ဖို့ ငွေလုံလုံလောက်လောက်ရှိရင်တောင် သူက အသင်းနဲ့ အကောင်းဆုံး ပေါင်းစပ်မှု တစ်ခုဖြစ်လာနိုင်ဖို့ လိုပါသေးတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကို အခြားလိဂ်က ကစားသမားတစ်ယောက် လာကစားတယ်ဆိုရင် သူ့အတွက် ပိုပြီး ခက်ခဲပါတယ်။ ခင်ဗျားအနေနဲ့ ဗဟိုနောက်ခံလူ တစ်ယောက်ကို ဝယ်မယ်ဆိုရင် အသင်းမှာ ရှိပြီးသား နောက်တန်းကစားသမားတစ်ယောက်နဲ့ ဘယ်လိုတွဲမလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။” 

“တကယ်လို့ ခေါ်ပြီးမှ အသင်းကရှိတဲ့ ကစားသမားနဲ့ တွဲပေးလို့ အဆင်မပြေဘူးဆိုရင် နောက်ထပ် ပြဿနာတစ်မျိုးထပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းအနေနဲ့ နောက်တန်းမှာ ဘောလုံးကို အေးအေးဆေးဆေး ကိုင်ကစားနိုင်တဲ့ ကစားသမားတစ်ယောက် လိုအပ်နေပြီး ပြိုင်ဘက်ကစားသမားက ဖိအားပေးလာရင် ပြာယာခတ်မနေတတ်တဲ့ နောက်တန်းကစားသမားတစ်ယောက်လည်း လိုပါတယ်။ အဲ့ဒီကစားသမားက အေးဆေးတည်ငြိမ်ရမယ်။ ကွင်းလယ်ထိ ဘောလုံးသယ်သွားနိုင်ရမယ်။ ဘောလုံးပေးပို့နိုင်ရမယ်။ ယူနိုက်တက်အသင်းက အဲ့ဒီလို ကစားသမားမျိုးကို လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက မက်ဂွိုင်းရားရဲ့ ခြေစွမ်းကို အရမ်းသဘောကျခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးနဲ့ တစ်သားတည်းရှိနေတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီးး ဒီလို အရည်အချင်းမျိုးရှိတဲ့ နောက်တန်းကစားသမားက တစ်သင်းလုံးအတွက် အကျိုးရှိတာကြောင့် ကျွန်တော်ကတော့ သဘောကျပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။