မိုရာတာကို ကြိုဆိုနေမယ်လို့ ပြောလိုက်တဲ့ ဘာစီလိုနာနောက်ခံလူ အယ်လ်ဘာ

Football 14/12/2018 09:23 AM

ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာက ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာသာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာပါက ကြိုဆိုနေမှာဖြစ်တယ်လို့ ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ မိုရာတာကို ဘာစီလိုနာအသင်းက ဆွာရက်ဇ်ရဲ့ နေရာအစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် အယ်လ်ဘာကလည်း အခုလိုပဲ ဖွင့်ဟပြောကြားသွားခဲ့တာဖြစ်ပါတယ်။ 

မိုရာတာရဲ့ စပိန်လက်ရွေးစင်အသင်းဖော် အယ်လ်ဘာက “မိုရာတာက ကျွန်တော် ကြိုက်နှစ်သက်ရတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူက လွန်ခဲ့တဲ့ နှစ်တွေတည်းက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ခေါ်မခေါ်က ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တခြားကစားသမားတွေရဲ့ ကိစ္စကလည်း ဒီလိုပါပဲ။ အခုထွက်ပေါ်နေတဲ့ သတင်းတွေသာ မှန်ကန်တယ်ဆိုရင်တော့ ကျွန်တော်တို့က တခြားကစားသမားတွေကို ကြိုဆိုသလို သူ့ကို ကြိုဆိုနေကြမှာပါ။” ဆိုပြီး ကြာသပတေးနေ့က ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

မိုရာတာဟာ (၂၀၁၇) ခုနှစ်ဘောလုံး ရာသီ မစတင်ခင်ကမှ ရီးရဲယ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၄၈) ပွဲကစားပြီး (၁၅) ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၁) ပွဲကစားပြီးချိန်မှာ (၇) ဂိုးသာ သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်။