ဘာစီလိုနာအသင်းဆီက ဘာလက်ဆောင်မှ မမျှော်လင့်ဘူးလို့ ပြောလိုက်တဲ့ ပိုချက်တီနို

Football 10/12/2018 11:55 AM

စပါးအသင်းနည်းပြဖြစ်သူ ပိုချက်တီနိုက အင်္ဂါနေ့မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ အိမ်ရှင် ဘာစီလိုနာအသင်းဆီကနေ ဘာလက်ဆောင်မှမမျှော်လင့်ဘူးလို့ ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ ရမှတ် (၇) မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး အုပ်စုတတိယနေရာက အင်တာမီလန်အသင်းနဲ့ အမှတ်တူ အနေအထားမှာ ရပ်တည်နေတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် ဘာစီလိုနာအသင်းကို သေချာပေါက် အနိုင်ကစားနိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

ပိုချက်တီနိုက “ဒီပွဲက ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ သူတို့က နောက်တစ်ဆင့်ကို တက်ရောက်ပြီးသားဆိုပေမဲ့ ချန်ပီယံလိဂ်မှာတော့ ဘယ်အသင်းကမှ ခင်ဗျားကို လက်ဆောင်တွေ လာပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အနိုင်ရဖို့ လိုအပ်တယ်။ အနိုင်နဲ့ ထိုက်တန်ဖို့လည်း လိုအပ်ပါတယ်။ ဒီပွဲကို အနိုင်ကစားဖို့ စိတ်ပိုင်းဆိုင်ရာက (၂၀၀) ရာခိုင်နှုန်းလောက် အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံး အခြေအနေကို ရရှိအောင် ကြိုးစားသွားမှာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။” ဆိုပြီး ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ 

 ဘာစီလိုနာ စပါး PSV အင်တာမီလန်တို့ ပါဝင်နေတဲ့ ဒီအုပ်စုမှာ ဘာစီလိုနာအသင်းက အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာပြီးသားဖြစ်နေပြီး အင်တာမီလန်အသင်းကလည်း PSV အသင်းကို အိမ်ကွင်းမှာ သေချာပေါက် အနိုင်ကစားနိုင်ဖို့ လိုအပ်နေသလို စပါးအသင်းအနေနဲ့လည်း အဝေးကွင်းမှာ အုပ်စုရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ဘာစီလိုနာအသင်းကို သေချာပေါက် အနိုင်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။