ဘာစီလိုနာနဲ့ပွဲ ပထမပိုင်းအပြီးမှာ ပိုချက်တီနိုဘာပြောခဲ့လဲဆိုတာကို ပြန်ပြောလိုက်တဲ့ ဟာရီကိန်း

Football 13/12/2018 16:44 PM

စပါးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းက ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ နည်းပြ ပိုချက်တီနိုရဲ့ အဝတ်လဲခန်းအတွင်းက ပြောစကားတွေကို ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ အဝေးကွင်းမှာ လာရောက်ကစားခဲ့ရတဲ့ စပါးအသင်းဟာ ပထမပိုင်းပြီးဆုံးချိန်မှာ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဒမ်ဘီလီရဲ့ သွင်းဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေပြီး ပွဲအပြီးမှာ လူးကပ်စ်မော်ရာရဲ့ချေပဂိုးကြောင့် တစ်ဂိုးစီသရေရလဒ်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဟာရီကိန်းက “ဒီလို ကြီးကျယ်ခမ်းနားတဲ့ ညမျိုးမှာ ကျွန်တော်တို့က သူ့ (ပိုချက်တီနို) အတွက် မျှတတဲ့ ရလဒ်တစ်ခုကို ဖြစ်စေချင်ခဲ့ပါတယ်။ သူ့အကြောင်းကို ကျွန်တော် အများကြီး မပြောနိုင်ပါဘူး။ သူက အရမ်းကို ကောင်းမွန်တဲ့ မန်နေဂျာ အရမ်းကို ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး ယုံကြည်ချက်ရှိရှိနဲ့ အလုပ်ကြိုးစားဖို့ အမြဲပြောပါတယ်။” 

“ပထမပိုင်းအပြီးမှာ သူပြောခဲ့တာတွေကလည်း ဒီအကြောင်းတွေဖြစ်ပြီး ပွဲမစခင်မှာလည်း အဲ့ဒီလိုပဲ ပြောခဲ့ပါတယ်။ နောက်ပြီး သူဆက်ပြောခဲ့ပါသေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ ကိုယ့်အင်အားကို အသုံးပြုဖို့ ပြောပါတယ်။ ဒီအတိုင်း ဆက်ပြီး အလုပ်ကြိုးစားသွားမယ်ဆိုရင် ငါတို့ လိုချင်တဲ့ ရလဒ်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။” ဆိုပြီး ပိုချက်တီနိုရဲ့ ပြောစကားတွေကို ဟာရီကိန်းက ဖောက်သည်ချသွားခဲ့ပါတယ်။ တစ်ဖက်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ အမှတ်တူ ပြိုင်ဘက် အင်တာမီလန်အသင်းက အိမ်ကွင်းမှာ PSV အသင်းကို အနိုင်မကစားနိုင်ခဲ့ဘဲ သရေသာ ကစားနိုင်ခဲ့တာကြောင့် စပါးအသင်းက အင်တာမီလန်အသင်းနဲ့ အမှတ်တူ အဝေးဂိုးစည်းမျဉ်းအရ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။