ဖာဘရီဂတ်စ်နဲ့ အပြောင်းအရွှေ့ အခြေအနေကို ပြောပြလိုက်တဲ့ အေစီမီလန်အားကစားဒါရိုက်တာ

Football 10/12/2018 11:18 AM

အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို ခေါ်ယူဖို့ အခြေအနေတွေက တိုးတက်လျက်ရှိတယ်လို့ ဖွင့်ဟပြောကြားသွားပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်သူ ဖာဘရီဂတ်စ်ဟာ ဒီရာသီ ချဲလ်ဆီးအသင်းနည်းပြ ဆာရီရဲ့ လက်အောက်မှာ လိဂ်ပွဲ (၄) ပွဲသာ ကစားခွင့်ရထားပြီး ဒီထဲမှာမှ တစ်ပွဲသာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ 

ဖာဘရီဂတ်စ်ကို ခေါ်ယူမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ လီယိုနာဒိုက “ကျွန်တော် တို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တိုးတက်အောင် လုပ်နိုင်ခဲ့ပြီး ဖြစ်လာနိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့က အပြီးမသတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ အခြေအနေတွေက လက်ရှိအချိန်မှာတော့ တိုးတက်နေဆဲပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒါ့အပြင် အေစီမီလန်အသင်းဟာ ဖလာမင်ဂိုအသင်းက တိုက်စစ်မှူးဖြစ်သူ လူးကပ်စ်ပါကွေတာကို ယူရို (၃၅) သန်းနဲ့ ခေါ်ယူမယ့် အစီအစဉ် နှောင့်နှေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း လီယိုနာဒိုက “ဒါက စီးပွါးရေး ပိတ်ဆို့မှုကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့အသင်းရဲ့ ဘဏ္ဍာရေး စာရွက်စာတမ်းကိစ္စက နည်းနည်း ရှုပ်ထွေးနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ထဲမှာတော့ ကျွန်တော်တို့ အလုပ်နည်းနည်းလုပ်ရဦးမှာပါ။ ဒါပေမဲ့ အရမ်းနှောင့်နှေးနေပါလိမ့်မယ်။ ဘဏ္ဍာရေး စည်းမျဉ်းအရဆိုလည်း ဒါက ပဟေဠိတစ်ခု ဖြစ်နေပြီး အလုပ်လုပ်ရတာ ခက်ခဲနေပါတယ်။ ကျွန်တော်တို့ နည်းနည်းတော့ စောင့်ရမှာဖြစ်ပြီး ဘာတွေ လုပ်နိုင်လဲဆိုတာ နားလည်အောင်လည်း လုပ်ရပါဦးမယ်။ အသင်းပိုင်ရှင်တွေက အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဆန္ဒရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့လည်း ကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားမှုရှိဖို့ လိုပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။