နာပိုလီကို ရင်ဆိုင်ဖို့အတွက် ပရိသတ်တွေကို အကူအညီတောင်းလိုက်တဲ့ ယာဂင်ကလော့ပ်

Football 10/12/2018 14:09 PM

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့ပ်က မနက်ဖြန်မှာ ကစားမယ့် နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေရဲ့ အင်အားတွေ လိုအပ်တဲ့ အကြောင်း ကို ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတွက် နာပိုလီအသင်းကို အိမ်ကွင်းမှာ တစ်ဂိုးနဲ့အထက် အနိုင်ကစားနိုင်ဖို့ လိုအပ်နေပြီး အသင်းအတွက် ဒီရာသီမှာ အရေးကြီးဆုံး ပွဲစဉ်တွေထဲက တစ်ပွဲလည်း ဖြစ်ပါတယ်။ 

ဒီပွဲနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြယာဂင်ကလော့ပ်က “ကျွန်တော်တို့ နာပိုလီအသင်း အိမ်ကွင်းမှာတုန်းက ကစားပုံမကောင်းခဲ့တာကြောင့် ဒီပွဲမှာ အဲ့ဒီတုန်းကထက် ပိုကောင်းတဲ့ ပုံစံမျိုး ပြသနိုင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော် အန်ဖီးလ်ကွင်းရဲ့ အကူအညီလိုအပ်ပြီး ပရိသတ်တွေအနေနဲ့ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲအတွက် အကောင်းဆုံး ကူညီပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ပရိသတ်တွေကသာ ကျွန်တော်တို့ နောက်မှာ ရှိနေတယ်ဆိုရင် အရမ်းကို ကောင်းမှာပါ။ ဒါက ကြီးမားတဲ့ အင်အားတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ပရိသတ်တွေလည်း ဒါကို သိသလို သူတို့ဒီအတွက်လည်း ပြင်ဆင်ပြီးပြီဆိုတာ ကျွန်တော်သိပါတယ်။” 

“ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရဲ့ အင်အား ဘယ်လောက်ကြီးလဲဆိုတာကို ကျွန်တော်သိထားပါတယ်။ နာပိုလီနဲ့ပွဲမှာ ကျွန်တော် ဒါကို မြင်တွေ့လိုပါတယ်။ အုပ်စုအဆင့်ကနေ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ အရာအားလုံး ပေးဆပ်ခဲ့ပြီး အကောင်းဆုံး ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ အခွင့်အရေးရှိနေပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅)ပွဲကစားပြီးချိန်မှာ အိမ်ကွင်းပွဲစဉ် နှစ်ပွဲလုံး အနိုင်ရရှိထားပေမဲ့ အဝေးကွင်းမှာ ကစားခဲ့တဲ့ သုံးပွဲလုံးကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် (၆) မှတ်နဲ့ အုပ်စု တတိယနေရာမှာသာ ရပ်တည်နေပြီး ဒီအုပ်စုမှာတော့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့အတွက် PSG လီဗာပူး နာပိုလီ တို့ အပြိုင်ဖြစ်နေတာကြောင့် အုပ်စု (ဂ) ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကတော့ အကြိတ်အနယ်ရှိလာမှာလည်း ဖြစ်ပါတယ်။