ဒမ္ဘီလီကို နေမာနဲ့ မလဲနိုင်ဘူးလို့ ဆိုလိုက်တဲ့ ရောဘတ်ပီရက်စ်

Football 13/12/2018 15:14 PM

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ရောဘတ်ပီရက်စ်က ဒမ်ဘီလီလို ကစားသမားမျိုးကို နေမာနဲ့ မလဲနိုင်ဘူးလို့ ဖွင့်ဟပြောကြားသွားပါတယ်။ ဒမ်ဘီလီဟာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရပြီး အသင်းဖော်နဲ့ နည်းပြတွေ အသင်းတာဝန်ရှိသူတွေကပါ ဒမ်ဘီလီရဲ့ အမူအရာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြနေရပါတယ်။ 

ဒမ်ဘီလီဟာ ကွင်းအတွင်းမှာ ခြေစွမ်းပြကစားနိုင်ပေမဲ့ မကြာခဏ လေ့ကျင့်ရေးကွင်းမှာ အချိန်နောက်ကျမှုတွေ အမြဲတမ်းလိုလိုဖြစ်နေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒမ်ဘီလီနဲ့ ပတ်သက်ပြီး ရောဘတ်ပီရက်စ်က “ကျွန်တော် ဒမ်ဘီလီကို အရမ်းချစ်မြတ်နိုးပါတယ်။ ကျွန်တော်တို့က  လီယွန်နယ်မက်ဆီအကြောင်းပဲ အမြဲတမ်း ပြောနေကြပေမဲ့ ဒီကောင်လေးကလည်း တကယ်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ သူကငယ်ရွယ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ သူလုပ်ရမှာက သူ့ကိုသူ စည်းကမ်းပိုင်းဆိုင်ရာ ပိုမိုတိုးတက်အောင် လုပ်ရပါမယ်။ သူက ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်သလို လာလီဂါအမှတ်ပေးဖလားလည်း ရအောင် စွမ်းဆေင်ပေးနိုင်ပါတယ်။” 

“ပြီးခဲ့တဲ့ စပါးအသင်းနဲ့ အက်စ်ပန်ညိုအသင်းတို့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့သွင်းဂိုးတွေကို ကြည့်ရင် သူဘာတွေလုပ်နိုင်လဲ ကျွန်တော်တို့ သိနိုင်ပါတယ်။ တကယ်လို့ ကျွန်တော့်မှာသာ ရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ဒမ်ဘီလီကို နေမာနဲ့ သွားလဲမှာ မဟုတ်ပါဘူး။ အခုမှ ဒမ်ဘီလီက အသက် (၂၁) နှစ်ပဲရှိသေးပြီး ဘယ်ခြေရော ညာခြေရောနဲ့ အရည်အချင်းရှိရှိ ကစားနိုင်တဲ့  ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ ထင်ထားတာထက် အများကြီး အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းမှာ အခုလို စည်းကမ်းပိုင်းအရ ပြဿနာတွေ မကြာခဏဖြစ်ပေါ်နေတဲ့ ဒမ်ဘီလီကို ရောင်းချပြီး အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ PSG အသင်းရဲ့ တိုက်စစ်မှူး နေမာကို ပြန်လည် ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ပီရက်စ်က  အခုလိုပဲ သုံးသပ်ပြောကြားပေးသွားခဲ့တာလည်း ဖြစ်ပါတယ်။