ဆာလာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မစိုးရိမ်ခဲ့ဖူးဘူးလို့ ပြောလိုက်တဲ့ ယာဂင်ကလော့ပ်

Football 10/12/2018 10:55 AM

လီဗာပူးအသင်းနည်းပြဖြစ်သူ ယာဂင်ကလော့ပ်က အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဆာလာရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ စိုးရိမ်စိတ်မဝင်ခဲ့ဖူးဘူးလို့ ဖွင့်ဟပြောကြားသွားပါတယ်။ ဆာလာဟာ နောက်ဆုံးကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ အဝေးကွင်းပွဲမှာ အထူး ခြေစွမ်းပြကစားသွားခဲ့ပြီး အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်သလို ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၂) ပွဲကစားပြီးချိန်မှာ (၁၂) ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ 

ဆာလာရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ယာဂင်ကလော့ပ်က “ခင်ဗျား(မီဒီယာ) တို့ရဲ့ စီးပွါးရေးကလည်း ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အနေနဲ့လည်း ဝေဖန်ဖို့ လိုအပ်တယ်မဟုတ်လား။ ကျွန်တော်က လက်ရှိ အခြေအနေကို ပဲ စိတ်ဝင်စားပြီး ဘယ်တော့မှ ဝေဖန်မှုတွေ လုပ်နေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်က အရေးကြီးဆုံး ဖြစ်ပြီး ဆာလာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး တစ်စက္ကန့်လောက်တောင် မစိုးရိမ်ခဲ့ဖူးပါဘူး။” ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

ဆာလာဟာ လီဗာပူးအသင်းနဲ့ ပထမဆုံး ရာသီမှာ ပွဲပေါင်း (၅၂) ပွဲမှာ (၄၄) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီရာသီ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်တို့အနေနဲ့ အမြဲတမ်း တိုးတက်ဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ (၄၁) ဂိုးလောက် သွင်းနိုင်ခဲ့တယ်ဆိုရင် ဒီရာသီမှာ ဒီထက်ပိုများများ သွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေမှာ လူတိုင်းက ရုန်းကန်ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးပမာဏထက် ပိုပြီး သွင်းနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ သူ့အနေနဲ့ ပထမဆုံး (၅) ပွဲမှာ (၁၀) ဂိုးသွင်းယူထားနိုင်ခဲ့တယ်ဆိုရင် လူတွေက ဒါမျိုး(ဂိုးအရေအတွက်) ထပ်ဖြစ်နိုင်မယ်လို့ ပြောမှာပါ။ ဒါပေမဲ့ နောက်ဆုံးကျရင်(၃၉) ဂိုးလောက်ပဲ သွင်းမယ်ဆိုရင် လူတွေက လက်ခံမှာပါ။ ဒါပေမဲ့ (၄၁) ဂိုးတော့မဟုတ်ဘူးဆိုပြီး ပြောကြမှာပဲ။ ကျွန်တော်တို့ အားလုံး ဒီအခြေအနေတွေနဲ့ ရင်ဆိုင်နိုင်အောင် လုပ်ထားရပါမယ်။ သူအရင်က ဒီလိုမျိုး ဘောလုံး ရာသီကို မဖြတ်သန်းခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ ဘောလုံး ရာသီလိုအနေအထားကို ပြန်လိုချင်မှာပါ။ အဲ့ဒီလိုဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ တစ်ဆင့်ချင်း သွားရမှာပါ။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကြားရက်မှာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုကနေ လွတ်မြောက်ဖို့အတွက်ဆိုရင် ကျိန်းသေပေါက် အနိုင်ကစားဖို့ လိုအပ်နေတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။