ကျွန်တော့်အတွက် ဘောလုံးရာသီ ပြန်စပြီလို့ ကြုံးဝါးလိုက်တဲ့ ကိုစီရယ်လ်နီ

Football 14/12/2018 09:51 AM

အာဆင်နယ်အသင်းနောက်ခံလူ ကိုစီရယ်လ်နီက ဒဏ်ရာကပြန်လာပြီးနောက် အသင်းအတွက် ပထမဆုံး ပွဲဦးထွက်အဖြစ် ကရာဘတ်အသင်းနဲ့ ပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပြီးနောက်မှာ သူ့ရဲ့ ဘောလုံး ရာသီ ပြန်စပြီလို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုစီရယ်လ်နီဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အက်သလက်တီကို အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ ခြေဖနောင့်ကြော ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ကာလရှည် အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ဒဏ်ရာရပြီးနောက်ပိုင်း အာဆင်နယ်အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် ကရာဘတ်အသင်းနဲ့ ပွဲမှာ အသင်းအတွက် (၇၂) မိနစ်အထိ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ကိုစီရယ်လ်နီက “ခက်ခဲတဲ့ အခြေအနေတွေကို ကျွန်တော် ဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်တော့်အတွက်လည်း ဒဏ်ရာကြီးကြီးမားမားရဖူးတာက ဒါပထမဆုံးအကြိမ်ပါ။ မြက်ခင်းစိမ်းတွေနဲ့ ကျွန်တော် ဝေးကွာနေတာ တော်တော်ကြာခဲ့ပြီး အဲ့ဒီအချိန်တွေက ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေပါ။ ဒါပေမဲ့ ဒီကာလတွေမှာ ကျွန်တော့်ကို ကျွန်တော်ရော ကျွန်တော့်အနားမှာ ရှိတဲ့သူတွေကိုရော ပြန်လည်ဆန်းစစ်ခွင့်ရခဲ့ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပြီး အခုဆို ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ အရင်ကထက် ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာနိုင်ပါပြီ။”  

“ဘောလုံး သမားတစ်ယောက်အတွက် မြက်ခင်းပြင်တွေနဲ့ ဝေးကွာနေရတာက တော်တော်ခက်ခဲတဲ့ ကိစ္စပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် ပြန်ပြီး ပြုံးရွှင်နိုင်ပါပြီ။ အခု ကျွန်တော့် ဘောလုံး ရာသီ စပါပြီ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားမယ့်ပွဲအတွက် မူစတာဖီ ဟိုးလ်ဒင်း တို့ ဒဏ်ရာရှိနေပြီး ဆိုခရာ့တစ်ကလည်း ပွဲပယ်ခံထားရတာကြောင့် နောက်တန်းအတွက် ပြဿနာပေါ်နေချိန်မှာ အခုလို ကိုစီရယ်လ်နီ ဒဏ်ရာက ပြန်လာနိုင်တာက နည်းပြ အူနိုင်းအမ်မရီအတွက် အသက်ရှူချောင်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။