ကာဟေးလ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟလိုက်တဲ့ ဆာရီ

Football 13/12/2018 15:50 PM

ချဲလ်ဆီးအသင်းနည်းပြ ဆာရီက အသင်းရဲ့ နောက်ခံလူ ဂယ်ရီကာဟေးလ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ကာဟေးလ်ဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရှိသေးဘဲ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေတဲ့ ကာဟေးလ်အနေနဲ့ ရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ 

ဒီလိုမျိုးကာဟေးလ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆာရီက “ကျွန်တော် သူ့ (ကာဟေးလ်) အပေါ် အများကြီး လေးစားပါတယ်။ ဘာလို့လဲဆိုတော့ သူက အသင်းနဲ့ ဆုဖလားများစွာရယူခဲ့ပြီးသား ကစားသမားတစ်ယောက်ဖြစ်တာကြောင့်ပါ။ ပွဲတိုင်းမှာ ကျွန်တော်က ကိုယ့်အလုပ်ကို လုပ်ရမှာဖြစ်ပြီး အသင်းရဲ့ လူစာရင်းကိုလည်း ကျွန်တော် ပဲ ရွေးချယ်ရတာပါ။ ကျွန်တော့်ဘက်က ကြည့်ရင်လည်း သူ့ကို အရံခုံမှာ မထားနိုင်ပါဘူး။ သူက ပင်နယ်တီဧရိယာထဲမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ဆိုပေမဲ့ ကျွန်တော်တို့ အသင်းရဲ့ နောက်တန်းကစားသမားတွေက တစ်ပွဲတည်းမှာ ဘောလုံး ထိချက် (၁၀၀) ဒါမှမဟုတ် (၁၁၀) လောက် ရှိပါတယ်။ အဲ့ဒီအတွက် နည်းစနစ်ပိုင်းကြွယ်ဝတဲ့ နောက်ခံလူတွေကို ကျွန်တော်လိုအပ်ပါတယ်။” 

“ကာဟေးလ်ထွက်မထွက်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒီကိစ္စက အသင်းနဲ့ သူ့အပေါ် မူတည်နေပါတယ်။ သူက အခုဆို အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ဒီမှာပဲ စာချုပ်သစ်ချုပ်မလား ဒါမှမဟုတ် အသင်းပြောင်းမလား ဆုံးဖြတ်ရတော့မှာပါ။ အသက် (၃၀) ကျော်ကစားသမားတွေကို အသင်းက တစ်နှစ်ပဲ စာချုပ်သက်တမ်းတိုးပါတယ်။ တကယ်လို့ သူ့အနေနဲ့ တခြားအသင်းကနေ သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းခံရတယ်ဆိုရင်လည်း အသင်းပြောင်းသွားနိုင်ပါတယ်။ ဒီကိစ္စက ကျွန်တော့်ရဲ့ စိတ်ခံစားချက်အပေါ်မှာ မူတည်နေတဲ့ ကိစ္စမဟုတ်ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ကာဟေးလ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ် FA ဖလားနှစ်ကြိမ် လိဂ်ဖလားတစ်ကြိမ် ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ကာဟေးလ်ကို ခေါ်ယူဖို့ လန်ဒန်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းက စိတ်ဝင်စားလျက်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။